Site Network: Home | E4Myanmar | Motor Design | About

Disclaimer

In this blog I am just mirroring the links and info found by googling the WEB.

ဟက်ကာ ဘာလဲ၊ ဘယ်လဲ ....

ဖိုရမ်တစ်ခုကို ဖတ်ရင်း ဘာမှန်း၊ ညာမှန်း မသိဘဲ ဟက်ကာဖြစ်ချင်နေကြတဲ့ မြန်မာလူငယ်များကို သွားတွေ့ပါတယ်။ ဟက်ကာ တကယ်ဖြစ်ချင်ပါသလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံးမေးကြစေချင်ပါတယ်။ ဟက်ကာကို ဘယ်လိုအဓိပါယ်ဖွင့်ဆိုကြမှာလဲ။ သူများတွေပြောတဲ့ ဟက်ကာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ဘယ်လို ဟက်ကာအမျိုးအစား ဖြစ်ချင်တယ်ဆိုတာကို သတ်မှတ်ကြစေချင်ပါတယ်။

ဒီလိုပြောလို့ ကျွန်တော့်ကို ဆရာကြီးလုပ်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် စေတနာက ရိုးစင်းပါတယ်။ အမှားတေ၊ွ လမ်းပိတ်တွေ နဲ့ ပြည့်နေတဲ့ လမ်းကို အကြိမ်ကြိမ်လျောက်ခဲ့ ပြီးတဲ့ လူတစ်ယောက်အနေနဲ့ နောက်လူတွေကို ကျွန်တော့်လို မဖြစ်စေချင်လို့ပါပဲ။ ဘယ်အရာပဲ လုပ်လုပ် ရည်မှန်းချက် ရှိရှိ၊ စံနစ်တကျ နဲ့ နည်းမှန်၊ လမ်းမှန် လုပ်စေချင်ပါတယ်။

ဘယ်ပညာရပ်မဆို အချိန်ပေးရပါတယ်။ အနည်းဆုံး ဆယ်နှစ်လောက်ပေးတာတောင် ပညာရပ်တစ်ခုကို ပိုင်သွားပြီလို့ မပြောနိုင်ပါဘူး။ ဖြတ်လမ်းနည်းနဲ့ ရတဲ့ ပညာဆိုတာ ဘယ်တော့မှ မခိုင်မြဲပါဘူး။

ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။

တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင် တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။

တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင် ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆို သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။

သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။

နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊ စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။ အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။
နောင်အားရင် တကယ့် ဟက်ကာတစ်ယောက်ဖြစ်ဖို့ လိုတဲ့ အခြေခံ ပညာရပ်တစ်ချို့ကို ပြောပြပါ့မယ်။ ဟက်ကာဖြစ်အောင်တော့ ဘယ်သူမှ မလုပ်ပေးနိုင်ကြောင်းပါခင်ဗျာ။

Tags:

6 comments:

At 28 January 2009 at 06:25 Co2zeиith said...

ခုလို လူငယ်တွေကို ရှင်းပြ အသိပေးတာ အားလုံး ကိုစား ကျေးဇူးပါ...

 
At 30 April 2010 at 09:55 peter said...

ကောင်းတယ်
ဗျာ..နောက်လည်းကင်ပေးပါင်္အုး

 
At 31 August 2011 at 16:39 Moe Z said...

ရှင်းပြပေးတာစိတ်ဝင်းစားဖို့တော့ကောင်းသား ။ ကျွန်တော်က ဘာမှမဟက်တတ်ပေမဲ့ ဟက်ကာတွေကိုတော့စိတ်ဝင်းစားတယ်။

 
At 21 February 2012 at 06:15 ကျောင်းသာ said...

ကျေးဇူးတင်ပါတယ် ခုလိုနာလည်းအောင်းပြောပြပေးတဲ့အတွက်

 
At 15 December 2013 at 09:00 Aung said...

ok not bad very good

 
At 21 August 2018 at 18:46 Unknown said...

Good

 

Post a Comment