Disclaimer
ကျွန်တော်ပြောချင်တာလေးတွေ ကို အောင့်ထားရတာ အတော်ကြာပါပြီ။ ဒါကလဲ ကျွန်တော့် ဘလောက်မှာ ပုဂ္ဂလိက ဆန်တဲ့ အကြောင်းတွေ အတတ်နိုင်ဆုံး မရေးဖို့ ဆုံးဖြတ်လိုက်ရလို့ပါ။ ကျွန်တော်ဘာကြောင့် ဘလောက်ရေးလဲ…..ဘလောက်ဂါတွေတော်တော်များများက သူတို့ ရေးရတဲ့ အကြောင်းလေးတွေကို ပို့စ် ရေးကြပါတယ်။ အဲဒါလေးတွေ ဖတ်မိတိုင်း ကိုယ့်ကို ကိုယ် ပြန်ပြီး မေးခွန်းထုတ်မိပါတယ်။ အရင်ကတော့ အစစအရာရာကို လူအများနဲ့ မျှဝေခံစားတတ်တဲ့ ကျွန်တော့် အကျင့်ကြောင့်ရေးတယ်ဆိုရင် ရမယ်ထင်ပါတယ်။
အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ အခြေအနေတွေက ပြောင်းကုန်ပါပြီ။ ကျွန်တော့်မှာ နောက်ထပ် အချိန်များများစားစား မရှိတော့ဘူး။ လွန်ရောကျွန်ရော ဆယ်လ လောက်ပဲကျန်တော့မယ်။ ဒီဆယ်လမှာ ကျွန်တော့် သီးစစ်ကို ဖိလုပ်ဖို့ ဆရာကပြောတယ်။ ခု လောလောဆယ် တစ်ခန်းပဲ ကျန်ပါတော့တယ်။ ဖိလုပ်မယ်ဆိုရင် သီးစစ်က တော်တော်လေး ကောင်းဖို့ ရှိပါတယ်။ ဒါက ဆရာ့စေတနာပါ။ ဒါပေမယ့် ကျွန်တော့် စေတနာက တစ်မျိုးလေ..။ ကျွန်တော် အရမ်းကြီး ဖိမလုပ်လဲ ခုအတိုင်းဆိုရင် ပုံမှန်ပြီးသွားမှာပါပဲ။ ဘာသာရပ်တွေကို အတော်လေး ပိုင်နိုင်နေပါပြီ။ ဆက်လုပ်ရင်တော့ ပို သပ်သပ်ယပ်ယပ်ဖြစ်သွားမယ် ဒီလောက်ပဲ။ ဒါပေမယ့် အဲဒါက ကျွန်တော့် ဘ၀ရဲ့ ရည်မှန်းချက်မဟုတ်ဘူး။ ကျွန်တော်လိုချင်တာတွေ ယူလို့ ကုန်သလောက်ရှိပြီ။ ကျွန်တော် ပေးခဲ့ချင်တာလေးတွေ ပေးချင်ခဲ့မိတယ်။
ဘလောက်ကို ကျွန်တော်ရေးတာ တကယ့်အဖြစ်ပဲ ရှိသေးတယ်။ ပို့စ် နည်းတာများတာထက် ကျွန်တော် လုပ်ပေးချင်တာ၊ လုပ်ပေးနိုင်တာထက် လုပ်နေတာ သိပ်ကို နည်းလွန်းတယ်။ ဒါပေမယ့် အရင် က စာတမ်းတွေ နဲ့ ဘယ်လိုမှ မလူးသာ မလွန့်သာဘူး။ ပြီးတော့ ကိုယ်ကိုယ်တိုင်က လေ့လာနေရတာတွေ များလွန်းလို့ အချိန်မပေးနိုင်ခဲ့ဘူး။ ခုတော့ အတတ်နိုင်ဆုံး ရေးသွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ။ ဘာလို့လဲ ဆိုတော့ တစ်ချက်က ကျွန်တော်က စာရေးတဲ့ အလုပ်ကို pro လုပ်ဖို့ ဆုံးဖြတ်လိုက်လို့ပါပဲ။ ခုနေပြောရင်တော့ ရီစရာပါပဲ။ ကျွန်တော်က စာကို ဖြောင့်အောင် ရေးနိုင်တဲ့ သူမှ မဟုတ်သေးတာ။ ဒါပေမယ့် ကျွန်တော် မဖြစ်ဖြစ်အောင်လုပ်မယ်။ နည်းပညာ၊ အင်ဂျင်နီယာ ပညာ နဲ့ ပက်သက်တာတွေ ကျွန်တော့်မှာ အများကြီး ရေးစရာရှိတယ်။ ခလေး တွေ ဖတ်ဖို့လဲ ရေးချင်တယ်။ ကျွန်တော် လေ့ကျင့်ရမယ်။ အချိန်ပေးရမယ်။ မြန်မာပြည်ပြန်ရောက်ရင် ခုလို အင်တာနက်မရှိတော့ဘူး။ ကျွန်တော်ရေးတဲ့ စာတွေကို ထုတ်ဝေပေးမယ့်လူ မရှိဘူး။ ပြန်သွားတဲ့ သူတွေ အွန်လိုင်းမှာ လုံးဝ တက်မလာနိုင်တာထောက်ရင် နောက်ထပ် ဘလောက်ရေးဖို့တောင် ဆွေးကြောပဲ။ ဒီတော့ ရတဲ့ အချိန်တိုင်းမှာ ဘလောက်ရေးတော့မယ်။ သာမာန်ရေးတာထက် ကိုယ်သိထားတာလေးတွေကို စံနစ်တကျ ကျန်ခဲ့အောင်လုပ်မယ်။ အခုဆို ညီငယ် ၄၊ ၅ ယောက်ကို စုစည်းပြီး စလုပ်နေတာတွေရှိတယ်။ ကျွန်တော်သိတာ ကျွန်တော်လုပ်ရင် ဘာရမှာလဲ ဟိုနည်းနည်း ဒီနည်းနည်းပေါ့။ တကယ်လို့ စံနစ်တစ်ခုကိုသာ ကျွန်တော် မပြန်ခင်ချန်ထားခဲ့ နိုင်ရင် အဲဒီစံနစ်ကို မောင်းနှင်နေမယ့် လူတွေသာရှိရင် အများကြီးဖြစ်လာနိုင်တယ်။ အားလုံးကို ဒီစကားလေး အလေးအနက်ထားပြီး ပြောချင်ပါတယ်ဗျာ။
ကျွန်တော်တို့ ရှေ့ က အင်မတန်တော်တဲ့ မြန်မာပညာရှင်တွေ အများကြီးရှိခဲ့ ကြပါတယ်။ ဒါပေမယ့် အခက်အခဲအမျိုးမျိုး၊ စိတ်ဓါတ်အမျိုးမျိုး နဲ့ လက်တွေ့ မှာ မြန်မာပညာရှင်တွေရေးတဲ့ ကျမ်းကြီးကျမ်းခိုင်တွေ အရမ်းရှားပါသေးတယ်။ အသက်မွေးဝမ်းကျောင်းနဲ့ ပက်သက်တဲ့ နည်းပညာတွေဆို ဘယ်နားရှာရမှန်းမသိတာ အရမ်းဆိုးလွန်းတယ်။ လူပြိန်းနားလည်အောင် လုပ်ပေးဖို့ အများကြီးလိုတယ်လို့ ခံစားနေရတယ်။ တစ်ချို့ က အခြေခံတွေကို ရေးပေးကြတယ်။ အဲဒါတွေက လဲ အများကြီး အထောက်အကူပြုပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကနေ ခုထိ အဲလို စာအုပ်မျိုးကို အားကိုးနေရတုန်းပဲ။ ဒါပေမယ့် အဲဒီ အဆင့်ပြီးရင် လမ်းက ဆုံးသလောက်ဖြစ်သွားတယ်။ ခုကျွန်တော်တို့ နည်းပညာတွေကို နိုင်ငံခြားသွားသင်မှတတ်တာ အတော်ဆိုးတယ်။ ဒီနိုင်ငံတွေမှာဆို စာအုပ်ဖတ်ပြီး လေ့လာနိုင်ရင် အကုန်ရှိတယ်။ ကွက်လပ်တွေ အရမ်းများပြီး ဖြည့်မယ့်သူ နည်းနေသေးတယ်။ ဒီစာကို ဖတ်နေတဲ့ သူငယ်ချင်းတို့ဟာ ပညာတတ်တွေဆို တာ ၁၀၀% သေချာပါတယ်။ ဒါကြောင့် ဒီအချက်တွေကို အသေအချာစဉ်းစားပြီး ကွက်လပ်လေးတွေထဲ က ကိုယ်တတ်နိုင်တာကို ထိထိရောက်ရောက် ဖြစ်အောင် ၀ိုင်းဝန်းလုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ခုမှ စလုံးရေ စနေတုန်းပါခင်ဗျာ။ ကျွန်တော်အဓိက ဆိုလိုချင်တာက သူငယ်ချင်းတို့ ကျွန်တော်တို့ တစ်ခေတ်ပြီးသွားလို့ လူတွေ သေသွားရင်တောင် လုပ်ခဲ့ တဲ့ အလုပ်လေးတွေ ရှင်သန်ပြီး ကျန်ခဲ့ စေချင်တာပါခင်ဗျာ။
ခုတလော အွန်လိုင်း ၀င်ရတာ အတော်လေး ၀မ်းသာမိပါတယ်။ တစ်ချို့ ပညာရှင်တွေ အဖွဲ့ အစည်းတွေ၊ တစ်ဦးချင်းတွေ လုပ်နေကြတာတွေ အတော်လေးကောင်းပြီး အတော်လေး အားရစရာကောင်းတာကိုတွေ့ရပါတယ်။ သူ့ တားဂတ် နဲ့ သူ လုပ်နေကြတာ စည်းစည်းလုံးလုံး တက်ညီလက်ညီနဲ့ တစ်ချို့ က မြန်မာစာပေကို မြင့်မားအောင် ကြိုးစားနေကြတယ်၊ တစ်ချို့ က ဘာသာရေး၊ တစ်ချို့ က အနုပညာ၊ နည်းပညာ၊ သန်ရာသန်ရာပေါ့။ တစ်ချို့ တွေကလဲ အဘိဓါန်တွေ ပြုစုနေကြတယ်။ ကျွန်တော်လဲ MPEI မှာ ရသလောက်လူစုပြီး ရုရှ-မြန်မာ အဘိဓါန်လေးကို လင်ဗို၊ ဘေဘီလုံ စတဲ့ ဆော့ဖ်ဝဲတွေနဲ့ သုံးလို့ ရအောင် တတ်သမျှ ကြိုးစားနေပါတယ်။ ဒါပေမယ့် လုပ်နေရတာတွေကို အားကို မရဘူး။ အချိန်ကနည်းပြီး လူငယ်တွေကို အခြေခံခိုင်သွားဖို့ အဓိက ဦးစားပေးနေရတယ်။ သေချာတာက ကျွန်တော်ဒီမှာရှိနေတုန်း ဒါတွေ မပြီးနိုင်ဘူးဆိုတာပါပဲ။
နောက်တစ်ခုက ကျွန်တော်တို့ တွေ ဒီထက်ပိုကျယ်ပြန့်တဲ့ နားလည်မှုတွေလိုတယ်လို့ ခံစားမိပါတယ်။ ကိုယ့်လူမျိုးတွေ ပညာတတ်ဖို့ လုပ်နေတာချင်းအတူတူ လက်တွဲပြီး လုပ်လို့ ရသလောက် လုပ်ဖို့လိုပါတယ်။ လူများရင် စကားများတတ်ပေမယ့် သီးခံနိုင်ရင် အမြင်သစ်တွေ၊ အကြံဥာဏ်ကောင်းတွေ အများကြီး တိုးလာနိုင်ပါတယ်။ လေးလေးနက်နက် တောင်းပန်လိုပါတယ်။ ကျွန်တော်တို့တွေ တစ်နေ့တစ်ခြား အသက်တွေ ပိုကြီးလာပြီး ကိုယ့်အတ္တတွေ ကိုယ် အစာကျွေးရင်း အချိန်တွေကုန်သွားမယ့် အစား လက်တွဲပြီး လုပ်ကြပါစို့ခင်ဗျား။ ။
ဘလူးဖီးနစ်
11-1-2008
Labels: feelings